Wednesday, October 10, 2012

တံခါး

တခါတရံမှာ လူတစ်ဦး တစ်ယောက်ရဲ့ အမှတ်တမဲ့ စကားလေးတွေက မှတ်သားစရာတော်တော်များ ကျန်ခဲ့စေပါတယ် ။ တစ်နေ့ အမျိုးသားနဲ့ သူ့သူငယ်ချင်းတွေ အလုပ်က ပြန်လာကြတယ် ။ ပြန်လာချိန်တိုင်း ကလေးတွေလို တစ်ယောက်နဲ့ တစ်ယောက် တွန်းထိုးဆော့ကစားပြီး ပြန်လာတတ်ကြတဲ့ သူတွေ ဒီနေ့တော့ တော်တော်ကို ညိမ်သက်နေကြပါတယ် ။ အမျိုးသားအလုပ်က ပြန်လာကာစမို့ မမေးဘဲ ထမင်းခူုးစရာရှိတာကိုတာ ခူးနေလိုက်မိပါတယ် ။ ထမင်းစားသောက်ပြီးလို့ ခဏနေမှ အလုပ်ပြန်လာချိန်က ညိမ်နေကြတဲ့ အကြောင်းအရာကို မေးကြည့်တော့ သူတို့ထဲက တစ်ယောက်ကို ကျန်တဲ့သူတွေက ၀ိုင်းစတာကို ဟိုတစ်ယောက်က ကောက်သွားလို့ ညိမ်နေကြတဲ့ အကြောင်း အမျိုးသားက ပြောပြတယ် ။ နောက်တနေ့ အစခံရတဲ့ တစ်ယောက်က အလုပ်မဆင်းတာမို့ မောင်နှမ နှစ်ယောက်စကားလက်ဆုံကြမိတယ် ။မနေ့က မောင်လေး ကို ၀ိုင်းစကြတယ်ဆို …စတာလေးကို အချင်းချင်း ကောက်စရာလားကွယ် *
* မမကလည်း သူတို့စတယ်ဆိုတာ တရားလွန်လို့ဗျ….ကျွန်တော် အိမ်သာတက်နေတယ်ဗျာ ။ ပထမတခါ အိမ်သာတံခါးကို သော့နဲ့လာဖွင့်တယ် ။ ကျွန်တော်အော်ယုံဘဲ အော်လိုက်တယ် ။ဘာတစ်ခုမှ မပြောလိုက်ဘူး ။ နောက်10မိနစ်လောက်ဘဲ ကြာတယ် ထပ်လာဖွင့်တယ် ။ လွန်လာပြီလေ။ မမဘဲ တွေးကြည့်လေ ။ဒါစ စရာလား ။ နောက်ပြီး တံခါးဆိုတာ ဘာလို့တပ်ထားတာလဲ ။ အတားဆီးလေ ။ အိမ်တွေမှာ တံခါးတပ်တယ် လုံခြုံဖို့တပ်တယ် ။ အခန်းတွေမှာ တံခါးတပ်တယ် ။ ကိုယ်ရေးကိုယ်တာ လုံခြုံမှုအတွက် တပ်တယ် ။ အိမ်သာမှာ တံခါးတပ်တယ်ဆိုတာလည်း ကိုယ်အရှက်ကို လုံခြုံဖို့ အတွက် တပ်ကြတာလေ။ ဒါကို စ စရာ နောက်စရာ လို လုပ်လို့မရဘူးလေ *
ပြောဖြစ်တာလေးကတော့ ဒါလေးဆိုပေမယ့် တွေးဖြစ်လိုက်တာကတော့ နေ့တစ်ဝက်နီးပါးပါပဲ ။ ဟုတ်တယ် ။ အိမ်တစ်အိမ် လုံခြုံဖို့ အတွက် တံခါးတွေ ရှိသင့်တယ် ။ လူတွေ မိမိတို့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုအတွက် အခန်းတံခါးတွေ ရှိသင့်တယ် ။ မိမိ အရှက်အတွက် အိမ်သာ တံခါးတွေ တပ်ကြရတယ် ။ လူတွေရဲ့ ကိုယ်ကျင့်တရားတွေ ကောင်းမွန်ဖို့ အတွက် မိမိတို့ စိတ်ထဲမှာ ဆင်ခြင်နိုင်မှု ဆိုတဲ့ တံခါးလေး တစ်ခုလည်း တပ်ဆင်ထားသင့်တယ် ။ ဒီအလုပ်ကို အမှန်တစ်ကယ် လုပ်သင့်လား ၊ ကိုယ်လုပ်လိုက်တဲ့ အလုပ်တစ်ခုက ဘယ်သူကို အကျိုးဖြစ်ထွန်းစေပါသလဲ ။ နောက်ဆုံး မည်သူကိုမှ အကျိုးမဖြစ်ထွန်းရင်နေပါစေ မိမိကိုယ်ကို ကိုကောအကျိုးဖြစ်ထွန်းစေပါသလား ဆိုတဲ့ အချက်လေးတွေကို သေချာတွေးတောဖို့ ဆင်ခြင်နိုင်ဖို့ အသိလေးတွေ လိုအပ်သလို ၊ မကောင်းတဲ့ အတွေးတွေ ၀င်မလာစေဖို့ အတွက် ဆင်ခြင်နိုင်ခြင်း ခြင်းတံခါးတွေကိုလည်း တပ်ဆင်ထားဖို့ အထူးလိုအပ်ပါတယ် ။
ပြဿနာ အရပ်ရပ်ကို သွေးအေးအေးနှင့် ကိုင်တွယ် ဖြေရှင်းနိုင်စွမ်း ရှိစေဖို့လေ့ကျင့်သင့်သလို သွေးပူစွာဖြေရှင်းတတ် ခြင်းတွေ အလွယ်တကူ ၀င်ရောက်မလာနိုင်အောင် တားဆီးဖို့ စိတ်တံခါးတွေလည်း လိုအပ်ပါတယ် ။ တစ်နေ့ပြီး တစ်နေ့ ရုန်းကန် ဖြတ်သန်းရမည့် လောက ပြင်ကျယ်ကြီး ထဲ အခက်ခဲ အတားဆီးတွေကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ဖို့ စိတ်ဓာတ်ခွန်အားတွေ လိုအပ်သလို ပျော့ညံ့ ယိုင်ခွေသွားစေနိုင်တဲ့ ပျော့ညံ့ခြင်းဆိုတဲ့ အမိုက်မှောင်တွေ ၀င်မလာစေဖို့ အတွက်လည်း စိတ်ဓာတ်ကြံ့ခိုင်ခြင်းဆိုတဲ့ တံခါးတွေ လိုအပ်ပြန်ပါတယ် ။ ဘ၀တစ်ခုကို တည်ဆောက်တဲ့ နေရာမှာ အသိဆိုတဲ့ ဆင်ခြင်နိုင်မှုဆိုတဲ့ တံခါးလေးကို အမြဲတပ်ဆင်ထားဖို့ အထူးလိုအပ်ပါတယ် ။ ဘယ်နေရာ ဘယ်အရာကိုဘဲ ဖြစ်ပါစေ အသိဆိုတဲ့ ဆင်ခြင်နိုင်မှုပါမှ အမှားနည်းနိုင်သလို အကောင်းဆုံးမဟုသည့်တိုင်အောင် အဖြစ်သင့်ဆုံး ဆိုတာတွေကို လုပ်ဆောင်နိုင်မယ်လို့ ကျွန်မ မှတ်ယူမိပါတယ် ။ ဘ၀ဆိုတာ ပျော်စရာတွေ ၊ ငိုစရာတွေ ၊ လွမ်းစရာ ၊ ကြည်နူးစရာ ၊ လွမ်းမောစရာ အကြောင်းအရာခံစားချက်ပေါင်းစုံ ပါဝင်စီးမျောနေတတ်တယ် ။ ငိုစရာရှိရင် ငိုလိုက်မယ် ။ တသတသနဲ့ ထိုင်နောင်တ ရနေဖို့ မလိုအပ်ဘူး ။ မှားမိတယ်ဆိုရင် ဒါမျိုးငါ နောက်ထပ်မမှားစေရဘူးဆိုတဲ့ အသိလေးကိုထည့် ဖြစ်သင့်တာတွေကို လုပ်ဆောင်ရင်း ရှေ့ဆက်နိုင်ရမယ် ။ လုံခြုံမှုတိုင်းအတွက် သက်ဆိုင်ရာ တံခါးလေးတွေကို တပ်ဆင်ထားဖို့လည်း အထူးလိုအပ်ပါတယ် ။ သူငယ်ချင်းတစ်ယောက် အကြောင်းလေးကလည်း ခေါင်းထဲကို ၀င်လာမိပါတယ် ။ သူတို့ အိမ်ထောင်ရေး အဆင်မပြေမှုတွေကို မကြာမကြာ ကျွန်မဆီကို ဖုန်းဆက်လှမ်းပြောပြတတ်တယ် ။ ကျွန်မကိုယ်လည်းပြောတတ်သေးတယ် ။ နင်က ကံကောင်းလိုက်တာနော်တဲ့ ။ နင်ဘာအလုပ်မှ မလုပ်ရဘူးတဲ့ ။ ကျွန်မ ပြုံးလိုက်မိပါတယ် ။
ကျွန်မကံကောင်းသတဲ့လား ။ သူငယ်ချင်းရယ် မင်း မသိလို့ပါ ကွယ် ။ လူတိုင်းဆီမှာ အပူတမျိုးဆီ ရှိနေတတ်ပါတယ် ။ ငါပျော်နေတယ်လို့ မင်းထင်နေတယ်ဆို ထင်လိုက်ပါတော့လေ ။ မရှင်းပြချင်တော့ပါဘူး ။ ငါလေ ငါရဲ့ စိတ်ပျက် အားငယ်ခြင်းတွေကို ဘေးမရောက်အောင် ဖြစ်သင့်တာတွေကို လုပ်ကိုလုပ်ရမယ်ဆိုတဲ့ အသိတံခါးနဲ့ ပိတ်ထားခဲ့တာပါ ။ ရင်ထဲကဘဲ ပြန်ပြောလိုက်မိပါတယ်။
တကယ့်လက်တွေ့မှာတော့ ဘာတစ်ခုမှ ထုတ်ဖော်မပြောပြဖြစ်တော့ပါဘူး ။ ကျွန်မပြောနေကြ စကားလေးလိုပေါ့ ဖြစ်ချင်တာ တစ်ခုကို ပိုင်ဆိုင်ရဖို့ လူတွေမသိအောင် ပေးဆပ်လိုက်ရတဲ့ အရင်းနှီးတွေ လူတိုင်းမှာ ရှိနေတတ်ကြပါတယ်။
သူအမျိုးသား က ပွေတယ်တဲ့ ။ ခပ်ပွေပွေ ယောကျာင်္းတစ်ယောက်ကို ရထား တဲ့မိန်းမတစ်ယောက်က ပြောလေ့ရှိတာက မိန်းမပွေတာကလွဲရင် ဘာမဆို ခွင့်လွတ်နိုင်ပါတယ်တဲ့ ။ အရက်သမားတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ မိန်းမကြပြန်တော့ အရက်နံ့တွေကို မုန်းလွန်းလွန်းလို့ ဒါကိုမသောက်ရင် ဘာမဆို အလိုလိုက်ပေးနိုင်တယ် ဆိုပဲ ။ နောက် လောင်းကစားသမားတစ်ယောက်ကို ရထားတဲ့သူကြပြန်တော့လည်း လောင်းကစားကလွဲရင် အရာရာကို နားလည်ပေးနိုင်တယ်လို့ ဆိုလာပြန်တယ် ။ ကဲ တွေးကြည့်ကြရအောင်နော် ။ တစ်ကယ်တစ်ကယ်ကြတော့ ဘယ်အရာကိုမှ နားလည်ပေးနိုင်မှာ မဟုတ်ပါဘူး ။ တခုခုက ပုံမှန်ထက်ပိုဆိုးနေလို့သာ ကျန်တာတွေကို နားလည်နိုင်မယ် ခွင့်လွတ်နိုင်မယ်လို့ ထင်နေကြခြင်းပါ ။ လူတွေအားလုံးက ဆိုးပါတယ်လို့ သတ်မှတ်ထားတဲ့ ဘယ်အရာကိုမတို နားလည် ခွင့်လွတ်နိင်တယ်ဆိုတာ မရှိနိုင်ပါဘူး ။ ဒါတွေကို ဘယ်အရာက ထိန်းနေလဲဆိုရင် သည်းခံခြင်း ။ ဖြစ်သင့်တာကို လုပ်ဆောင်ရမယ်ဆိုတဲ့ အသိဆိုတဲ့ တံခါးလေးက ခြားပေးနေတာပါ ။ အသိဆိုတာ မရှိခဲ့ရင် စိတ်ရဲ့ထွက်ပေါက်တစ်ခုကနေ သူလည်းလုပ်ချင်တာ လုပ် ငါလည်းလုပ်ချင်တာ လုပ်မယ်ကွာ ဆိုထွက်သွားနိုင်ပါတယ် ။ အလွယ်တစ်ကူ မထွက်နိုင်အောင် ဖြစ်သင့်တာကို တွေးတတ်တဲ့ အသိတံခါးလေးက အလည်ကနေ ပိတ်ထားတာမို့ အိမ်ထောင်ရေးတွေ ခိုင်မြဲနေကြခြင်းပါ ။ တမိသားနဲ့ တမိသား သွေးမတော် သားမစပ် ပေါင်းသင်းကြတဲ့ နေရာမှာ ကွာဟ ကွဲလွဲချက်ပေါင်းများစွာ ရှိနေတတ်မှာပါပဲ ။ ဒါဟာလည်း မိမိတစ်ယောက်တည်းမှ မဟုတ်ပါဘူး ။ အိမ်ထောင်ရှင်တိုင်းမှာ ရှိနေကြမှာပါ ။ ဒီလို ကွာဟမှုတွေ ၊ ခြားနားချက်တွေကို နားလည်မှုဆိုတဲ့ အခန်းဆီးလေးကို တပ်ဆင်ပြီး ဆင်ခြင်နိုင်တဲ့ အသိတရား တံခါးလေးကို ပိတ်ထားမယ်ဆို အကောင်းဆုံးမဟုတ်တာတောင် ရေရှည်တည်တံ့စေမယ့် အဆင်ပြေမယ့် အိမ်ထောင်ဘ၀တွေကို တည်ဆောက်နိုင်ကြမှာပါ ။ လူတွေရဲ့ စိတ်အစဉ်တိုင်းမှာ လိုအပ်တဲ့ အသိတရား တံခါးလေးတွေကို တပ်ထားမယ်ဆို အမှားလုံးဝ ကင်းမယ်မဆိုနိုင်ပေမယ့် အကောင်းဆုံးတွေကိုတော့ ပိုင်ဆိုင်နိုင်မယ်လို့ မျှော်လင့်မိပါတယ် ။ အသိဆိုတဲ့ ဆင်ခြင်နိုင်မှု တံခါးလေးတွေကို လူတိုင်းစိတ်မှာ တပ်ဆင်ရင်း လှပတဲ့ ဘ၀အိမ်လေးတွေကို ဖန်တီးပုံဖော် တည်ဆောက်နိုင်ကြပါစေ

No comments:

Post a Comment